ဆိပ်ကြီးခနောင်တို ဇွန် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုများအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းစဖွင့်သည့် ဇွန် ၂ ရက်နေ့မှ စ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ ဇွန် ၁၃ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ ၂၁၃၅ ဦးရှိပြီဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းမှစ၍ ချောင်းဝိုင်းလေးရပ်ကွက်ရှိ အမှတ် (၈)အခြေခံ ပညာ မူလတန်းကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်မှ ကြီးကြပ်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမ အကြိမ် ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိပြီး၊ အခြေခံပညာကျောင်း ၈ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသည့် ကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ အားလုံးကိုလည်း သက်ဆိုင်ရာ ကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝေယံ