တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲရန် ကြိုးစားသူများအား ဖမ်းဆီးရမိ

တာချီလိတ်  ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အမျိုးသမီးငယ်တစ်ဦးအား ​​ ပြန်ပေးဆွဲရန် ကြိုးစားသူ (၄)ဦးအား ယမန်နေ့ည ၇ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၇ နာရီခန့်က တာချီလိတ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံတွင် ယာဉ်များအားပိတ်ဆို့ စစ်ဆေးဆောင်ရွက်နေစဉ် ရီဂျီးနားဟိုတယ်ဘက်မှ ဝမ်မိုင်ရွာဘက်သို့ မောင်းနှင်လာသည့် CRV ခဲ+နက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာခဲ့သည်။ ယာဉ်ပေါ်တွင်  အမျိုးသမီး(၁)ဦး ၏ ပါးစပ်အား လက်ဖြင့်ပိတ်၍ ဦးခေါင်းတွင် ပုဆိုးဖြင့်အုပ်ထားပြီး ခေါ်ဆောင်လာသည်ကို တွေ့ရှိ သဖြင့် မသင်္ကာ၍ တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ အမျိုးသား(၄)ဦးသည် မ----- အား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ JMK ဟိုတယ်လမ်းဆုံမှ အမှတ်(၂)တံတားဘက်သို့ သွားသော မြို့ပတ်လမ်းမပေါ်တွင် မ--------- ကိုင် ဆောင်ထားသော I PHONE-13 ဖုန်းအားလုပြီး ပါးစပ်အားလက်ဖြင့်ပိတ်၍ ဦးခေါင်းတွင် ပုဆိုးဖြင့်အုပ်ကာ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်သို့ ဆွဲတင်ခေါ်ဆောင်ခဲ့ကြောင်း  ခါးအားကျဉ်စက်ဖြင့်ထောက်ကာ အော်ဟစ်ခြင်းမပြုဘဲ အသာတကြည်လိုက်လာရန်၊ အော်ဟစ်လျှင်သတ်ပစ်မည်ဟု ရှမ်းစကားဖြင့်ပြောဆို ခြိမ်းခြောက်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နေထိုင်သည့် ဆေခမ်းရပ်ကွက်ရှိနေအိမ်တွင်  မတရားချုပ်နှောင်ကာ ငွေကြေးတောင်းခံရန်အကြံဖြင့် ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆေခန်းရပ်ကွက်၊ တာချီလိတ်မြို့နေသူ မ---------(၂၈)နှစ်၏ ဖုန်းအား လုယက်ကာခြိမ်းခြောက်ပြီး မတရားချုပ်နှောင်၍ ငွေကြေးတောင်းခံရန်အကြံဖြင့် ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်လာသူ တရားခံ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)