မလှိုင်မြို့နယ်၌  အကြီးဆုံးရုပ်ပွားတော်ကြီးတစ်ဆူဖြစ်သည့် ကြံတိုင်းအောင် အဘယလာဘမုနိရပ်တော်မူ  မြတ်စွာဘုရားကြီး ဌာပနာသွင်း ပူဇော်ပွဲကျင်းပ

မလှိုင် ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊  ကုန်းတဲကျေးရွာအုပ်စု၊ ကုန်းတဲ(မြောက်)ကျေးရွာ ကုန်းတဲ ကျောင်းကြီးကျောင်း ဘုရားကုန်းအနီး၌ တည်ထားကိုးကွယ်တော်မူသည့်ကြံတိုင်းအောင် အဘယလာဘမုနိရပ်တော်မူ မြတ်စွာဘုရားကြီး ဌာပနာသွင်းပူဇော်ပွဲ အခမ်းအနားကို ( နယုန်လပြည့် )ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ရှစ်မျက်နှာကျောင်းတိုက် ပဓါနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇဘဒ္ဒန္တကဉ္စနထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးစိုးမင်းထက်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ယင်းနောက် ဌာပနာသွင်းတော်မူမည့် ဓါတ်တော်မွေတော်များနှင့် ပစ္စည်းများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ အလှူရှင်များက ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  မင်္ဂလာအချိန်တွင် ဓါတ်တော်များအားပင့်ဆောင်ကာ ရုပ်ပွားတော်မြတ်ကြီးကို လက်ျာရစ် (၃)ကြိမ် လှည့်လည်ပူဇော်၍  ဌာပနာသွင်းတော်မူခဲ့ကြသည်။ ဌာပနာသွင်းပူဇော်နေစဉ် ရွှေတံဆိပ်များ ဆုရှင် စောင်းဟန်စိုး တီးခတ်၍ ရွှေတံဆိပ်များဆုရှင် စောင်းမြင့်မြင့်သွယ်က ဓမ္မပူဇာတေးသီချင်း များဖြင့် သီဆိုပူဇော်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။  

အဆိုပါ ရုပ်ပွားတော်မြတ်ကြီးကို ကုန်းတဲ(မြောက်)ကျောင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာဂရ(ဓမ္မာစရိယ ) ဦးဆာင်၍ ခုနှစ်ရက်သားသမီး စုပေါင်းပြီး ဘုရားဒါယကာ/ဒါယိကာမ အဖြစ်ခံယူကာတည်ထားခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော်(၂၇)ပေရှိ၍ ရုပ် ပွားတော်ကြီးပြီးစီးပါက မလှိုင်မြို့နယ်တွင် အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)