စဉ့်ကိုင် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်း၍ မီးသွေးဘုတ် ကျေးရွာအုပ်စု၊ ကန်တွင်းကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီက အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး တာ၀န်ခံ ဦး၀င်းအောင်က ပျားများဖြင့် ၀တ်မှုံကူးခြင်းဖြင့် ဆီထွက်သီးနှံ၊ နေကြာမျိုးစေ့များအရည်အသွေးနှင့် အထွက်တိုးသည်သာမက ခြံထွက်သီးနှံများဖြစ်သော နဂါးမောက်၊ ကော်ဖီများပါ အထွက်တိုးမှုရှိခြင်းနှင့်ပျားများကို တစ်ပိုင်တစ်နိုင်မွေးမြူခြင်းမှသည် စီးပွားဖြစ်မွေးမြူနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ် တာ၀န်ခံဦးစီးအရာရှိ ဒေါ်မူမူခိုင်ကပျားရည်သုံးစွဲခြင်းဖြင့်ရရှိလာသော အကျိုး ကျေးဇူးများ၊ နေ့စဉ်သုံးစွဲခြင်း ဖြင့်သက်ရှည်ကျန်းမာနုပျိုခြင်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာ၀င်းညွန့်လှိုင်က တိုင်းရင်းကြက်များကို စနစ်တကျမွေးမြူကြရန်နှင့် မိသားစုအပို ၀င်ငွေရရှိလာသည်သာမက စီးပွားဖြစ်အထိပါမွေးမြူနိုင်ကြောင်း၊ ထင်ရှားသောကြက်အမျိုးအစားများနှင့်တိုင်းရင်းကြက်မွေးမြူပုံနည်းစနစ်များ၊ ဖြစ်ပွားတတ်သောရောဂါများနှင့် ကာကွယ်ရမည့်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး စဉ့်ကိုင်မြို့နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ တာ၀န်ခံဦးစီးအရာရှိ ဦးသိန်းကိုက ပျားမွေးမြူပုံအဆင့်ဆင့်နှင့်ပျားများဖြင့် ၀တ်မှုံကူးခြင်းများကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)