တောင်ကြီး ဇွန် ၁၄
Orientation for Foundation Year (5/2022)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက တောင်ကြီးမြို့၊ ဆေးတက္ကသိုလ်တောင်ကြီး ချယ်ရီဘက်စုံခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆေးတက္ကသိုလ်တောင်ကြီးအနေဖြင့် လိုအပ်သည်များရှိပါက မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပညာရည်ချွန်ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ အမှတ်အများဆုံးရရှိသူကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် တောင်ကြီးမှ မွေးထုတ်ပေးလိုက်မည့် ဆရာဝန်လောင်းလျာများသည် နိုင်ငံအကျိုးပြု သားကောင်း ရတနာဖြစ်အောင် အားလုံး အတူပူးပေါင်းပါဝင်ကြိုးစားပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှမြင့်ဝင်းမှ ဆေးတက္ကသိုလ် (တောင်ကြီး)နှင့် ပတ်သက်၍ရှင်းလင်းပြီး ဓာတုဗေဒဌာနမှ ကထိက/ဌာနမှူး ဒေါက်တာအုန်းကြည်မှ Foundation Year ဆေးပညာအခြေခံနှစ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို မိတ်ဆက်ပေးကာ ခန္ဓာဗေဒဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဇောဇော်လတ်က lntegreated Curriculum အကြောင်းရှင်းလင်းတင်ပြပြီး ဆေးပညာဌာနပါမောက္ခ/ဌာနမှူး ဒေါက်တာအောင်ကျော်သူက Clinical Managment နှင့်ပတ်သက်၍ တင်ပြကြသည်။
ထို့နောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်လှူဒါန်းပေးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ ဆေးတက္ကသိုလ် တောင်ကြီး ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလှမြင့်ဝင်းမှလက်ခံရယူပြီး ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆေးတက္ကသိုလ် (တောင်ကြီး) တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)