ဒဂုံတောင် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးများ၏ဆိုးကျိုးများ၊ သတိပြုရှောင်ရှားသင့်သည့် မူးယစ်ဆေးအန္တရာယ်အကြောင်းအရာများအား ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်းကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါဆိုင်ရာ ကိစ္စရပ်များစသည့် ပြည်သူများသိသင့်သိထိုက်သော အကြောင်းအရာများကို နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။
အဆိုပါကျင်းပပြုလုပ်သည့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအပြင် အခြားသော အသိပညာ၊ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲများကို ဆက်လက် ကျင်းပပြုလုပ်ပေးသွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ဒဂုံတောင်)