လားရှိုး ဇွန် ၁၄
ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ယမန်နေ့ နံနက် (၇)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ပျူတာအခြေခံသင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ ကွန်ပျူတာအခြေခံသင်တန်းကို လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသင်တန်းများတွင် သွားရောက်သင်ကြားရန် အခက်အခဲရှိနေသူများကို အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၌ အခမဲ့အသုံးပြုနိုင်သည့် ပြည်သူ့စာကြည့်တိုက်၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမ၊ ကလေးငယ်များအတွက် ကလေးစာဖတ်ခန်းများတွင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းသို့ လားရှိုးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသား/ကျောင်းသူများနှင့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်သည်။
ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းကို လားရှိုးမြို့ရှိ ရွှေပြည့်အိမ် Computer Training Centre မှ သင်တန်းနည်းပြ ဦးထက်မြတ်စိုးက အခမဲ့သင်ကြားသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သင်ကြားသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)