မိုင်းယန်း ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မောင်သာမည ရေးသားသော “အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး “မိုက်ရူးရဲဆန်ခြင်း၊ သူရဲဘောကြောင်ခြင်းနှင့် သူရသတ္တိ” ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့သည်။
ထို့နောက်(Book Club)အသင်းအဖွဲ့ဉက္ကဠ ဦးစိုင်းလှိုင်ခမ်းမှ “ခေါင်းဆောင်ဟူသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အသင်းအဖွဲ့ဝင် ဦးထွန်းမင်းဦးက “အသစ်ဖန်တီးသူနှင့် ပျမ်းမျှလူ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး