စဉ့်ကိုင်မြို့နယ် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွင် ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စဉ့်ကိုင် ဇွန် ၁၄

မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ် (မန္တလေး) တွင် ပထမအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက အဆိုပါ တက္ကသိုလ်၀င်းအတွင်းရှိ ကျောင်းအလယ်လမ်းဘေးတွင် တစ်ပျော်တစ်ပါး  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင် အဖွဲ့၀င် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့်အဖွဲ့၀င်များ၊ တာ၀န်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာစန်းစန်းတင့်နှင့် ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြပြီး ဒုတိယပါမောက္ခချုပ် ဆရာမကြီးက ကွန်ပျူတာ တက္ကသိုလ်၀င်းအတွင်း  အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁)  ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်မှူးဘိုဘိုအောင်၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာစန်းစန်းတင့်တို့က ကွန်ပျူတာတက္ကသိုလ်ရှိ ဘာသာရပ်အလိုက် သက်ဆိုင်ရာဌာနအသီးသီးသို့ ပျိုးပင်များပေးအပ်ရာ ဌာနမှူးများနှင့်၀န်ထမ်းများက လက်ခံရယူကြပြီး သတ်မှတ်နေရာအသီးသီးတွင် တစ်ပျော်တစ်ပါး စုပေါင်း သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်၀င်းအတွင်း အကျယ်ပေ (၁၄၅၀) တွင် မယ်ဇယ်ပင် (၅၈၀) ပင် စိုက်ပျိုးသွားမည်ဖြစ်ရာ  တစ်ပင်နှင့်တစ်ပင် (၈) ပေအကွာ ပထမအကြိမ်အဖြစ် မယ်ဇယ်ပင် (၁၄၈) ပင်စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုး ပွဲသို့ တက်ရောက်လာသူများအား ကောက်ညှင်းပေါင်း၊ အကြော်နှင့်ကော်ဖီများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)