မလှိုင်မြို့၌ ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲစာအောင်သံဃာတော်များအား ဂုဏဝိသိဌပူဇာမင်္ဂလာနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မလှိုင်  ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသည့်  စာအောင်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်တို့အား ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဌ ပူဇာမင်္ဂလာနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   အစည်းဝေးခန်းမ၌  ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ရွှေတံဆိပ်များဆုရှင် စောင်းဟန်စိုး တီးခတ်၍ ကြယ်ကလေးများရဲ့ဂီတမိုးကောင်း ကင် အစီအစဉ်တွင် ပထမဆုရ ရှင်းသန့်ဇင်မှ ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်သည်။ ထို့နောက် ရှစ်မျက်နှာကျောင်းတိုက် ပဓါနနာယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကဉ္စနထံမှ ငါးပါးသီလ ခံယူ၍ သံဃာတော်အရှင် သူမြတ်တို့ရွတ်ပွား သရဇ္ဈယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက်  မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးဇော်ဇော်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး  စာအောင်သံဃာတော်များအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာအကြီးကဲများက စာအောင်လက်မှတ်နှင့်နဝကမ္မ  အလှူငွေများဆက်ကပ်ခဲ့သည်။ ထို့နောက်  မိတ္ထီလာ ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါက်တာစောမြင့်ထူးက ပထမလတ်တန်းတွင် မြန်မာ တစ်နိုင်ငံလုံး ပထမဆုရ သီလရှင်ဆရာလေး  မဧသုဝတီအား စာအောင်လက်မှတ်နှင့်နဝကမ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါနေ့က ဓမ္မကထိကဗဟုဇနဟိတဓရ(၁)ပါး(၃၀၀၀၀၀)ကျပ်၊ ဓမ္မာစရိယ(ကျမ်းအောင်) (၃)ပါး (၄၅၀၀၀၀)ကျပ်၊ ဓမ္မာစရိယ(ရိုးရိုး) (၈)ပါး(၈၀၀၀၀၀)ကျပ်၊ ပထမကြီး (၂)ပါး (၁၄၀၀၀၀) ကျပ်၊ ပထမလတ် (၃)ပါး (၁၅၀၀၀၀)ကျပ်၊ ပထမငယ် (၈)ပါး (၃၂၀၀၀၀)ကျပ်၊ အခြေပြု မူလတန်း (၁၀)ပါး (၃၀၀၀၀၀)ကျပ် စုစုပေါင်း စာအောင်သံဃာ (၃၅)ပါး၊ အလှူတော်ငွေ (၂၄၆၀၀၀၀) ကျပ်တို့အားကပ်လှူပူဇော်ခဲ့ပါသည်။

ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ အထူးအစီအစဉ်ဖြင့် မလှိုင်ဇာတိဖွား အခြားစာစစ်ဌာနများမှ အောင်မြင်တော်မူသည့် ဓမ္မာစရိယ(၂)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခဲ့ကြပြီးဒေါက်တာအရှင် ပဏ္ဍိတ(ဓမ္မကထိကဗဟုဇနဟိတဓရ)က ဝမ်းမြောက်ကြောင်းဩဝါဒမိန့်ကြားတော်မူခဲ့သည်။

ယင်းနောက် သီတဂူဗုဒ္ဓတက္ကသိုလ်(တက္ကသိုလ်ကိုသု)မှဂုဏ်ပြူပူဇော်သော ဂုဏဝိသိဋ္ဌစူဠပူဇာ ပိုက်စုံရတုအား စောင်းဟန်စိုးတီးခတ်၍ ရွှေတံဆိပ်များဆုရှင် ညီညီသန့်ဇင်နှင့်  ဂုဏဝိသိဋ္ဌစူဠပူဇာ ထပ်တွန့်တေးထပ်အား စောင်းမြင့်မြင့်သွယ်တို့က သီဆိုပူဇော်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတွက် ရေစက်ချတရားကို မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဥက္ကံသထံမှနာယူ၍ အမျှအတန်းများ ပေးဝေခဲ့ကြကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)