တောင်ကြီး ဇွန် ၁၄
ပြည်သူများစာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိတ်သတ်များ စာအုပ် အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက် Mobile Library လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အလုပ်သမားဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သုတ/ရသ စာအုပ်ပေါင်း (၂၅၀) ကို အခမဲ့ ငှားရမ်းပေးခဲ့သည်။
တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိသတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းဖြင့် အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက် စာအုပ်များအား ရက်သတ္တပတ်လျှင်တစ်ကြိမ် သွားရောက်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း