ရမ်းဗြဲ ဇွန် ၁၄
ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် ကျင်းပပြုလုပ်ကြကြောင်းသိရသည်။
အဆိုပါ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲသို့ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်း တက်ရောက်အားပေးပြီး အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းက အခြေခံအပ်ချုပ်စက်သင်တန်းကို ကျေးရွာအရောက် ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြာသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာနအနေနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဖြစ်သော သံဂဟေဆက်လုပ်ငန်းကိုလည်း သင်တန်းဖွင့်လှစ်ရန်ရှိသည့်အတွက် ကျေးရွာအတွင်းမှ လူငယ်များအနေဖြင့်လာရောက်ပြီး သင်တန်းတက်ရောက်ကြစေလိုကြောင်းတို့ကို ရှင်းလင်းတိုက်တွန်း ပြောကြားသည်။
ယင်းနောက် အခြေခံအပ်ချုပ်စက်သင်တန်းကို မေလ(၂၄) ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့ထိ (၂၁)ရက်တာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား(၂၀)ဦးအတွက် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းတို့က ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)