တောင်ဥက္ကလာပ ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပန်းချီအနုပညာများနှင့် ရင်းနှီးမှုရစေရန်၊ အရောင်များရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရန်နှင့် မှန်ကန်သောအသိအမြင်ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ စာအုပ်စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့ပူးပေါင်း၍ အ.လ.က(၅)မှအလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ စာအုပ်စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မိမြို့ဖတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)