အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကော့မှူး ဇွန် ၁၄

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲကိုယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က အနာဂတ်လူငယ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပျက်ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌစာရေးဆရာ ဦးတင်လှိုင်(မြိုင်တင်လှိုင်)က လူငယ်တွေဟာ နောင်တစ်ချိန်တွင် တိုင်းပြည်၏အနာဂတ် ကြယ်ပွင့်များဖြစ်သည့်အတွက် ဆေးလိပ်မှအစ မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ကျဉ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ် စေနိုင်သော လူမှုရေး၊စီးပွားရေး ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပွားတတ်သောရောဂါများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအား ‌အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(ကော့မှူး)မှ ကျောင်းအုပ်ဆရာကြီး ဒေါ်မြင့်မြင့်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများအား နံရံကပ်စာစောင်များ ပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်း‌ရေးဆောင်ရွက်မှု အကြောင်းအရာများ၊၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များ၊ မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်း မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါဆိုင်ရာများ၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ ၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)