ကော့မှူးတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ

ကော့မှူး ဇွန် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်‌နေ့ မွန်းလွဲ ၂နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်‌ဆေးဝါးသုံးစွဲမှု  မရှိစေရေးတို့အတွက် အသိပညာပေး Talk Show များအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာဆရးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာဦးတင်လှိုင် (မြိုင်တင်လှိုင်) တရားရုံးချုပ်ရှေ့နေက မူးယစ်ဆေးဝါး အန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် ဖြစ်တတ်သည့် လက္ခဏာများ၊ မူးယစ်ဆေးဝါးအားသုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်းတို့ကို ကျူးလွန်ပါက မူးယစ်ဆေးဝါး ဥပဒေပုဒ်မ(၁၆) အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ဆိုးကျိုးများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ကျော်သူရ (ကော့မှူး)