မိတ္ထီလာ ဇွန် ၁၄
မိတ္ထီလာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကောင်းမွန်သော တိရစာ္ဆန်မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆည်အောင်ကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးလတ်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးကောင်းသော တိရစာ္ဆန်ထွက်ပစ္စည်းများ ထုတ်ယူ ရရှိနိုင်စေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်လုပ်မှုတိုးတက်လာပြီး ဝင်ငွေပိုမိုရရှိ လာစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းပြီးကျေးရွာများတွင် ကောင်းမွန်သော တိရစာ္ဆန်မွေးမြူရေးကျင့်စဉ်သင်တန်းများ နှစ်စဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် မိရိုးဖလာဝက်မွေးမြူရေးအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် Good Animal Husbandry Pracitices (pig backyard) ဆိုင်ရာ သိကောင်းစရာများနှင့် ဝက်မွေးမြူရေးနှင့်ပတ်သက်၍ အာဖရိကဝက်အပြင်းဖျားရောဂါဆိုင်ရာ သိကောင်းစရာ များကို သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းကာလမှာ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ပြီး ၎င်းသင်တန်းကို ဆည်အောင်ကျေးရွာအုပ်စု ဆည်အောင်ကုန်းကျေးရွာနှင့်အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)