ပုဇွန်တောင် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်မှ တက်ရောက်လာသူ စာပေချစ်သူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမမေမြတ်စန္ဒာမှ စာရေးဆရာ မောင်ကျေးဇူးရေးသားသော လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင်ဗဟုသုတများကိုအသုံးချ၍ တန်ဖိုးရှိသောလူမှုဘဝများဖြစ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် ဗဟုသုတများဖြင့် အမှား/အမှန်ခွဲခြားနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်