ကာမိုင်းမြို့ဧရိယာအတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် အင်တော်ချောင်းနှင့် နန့်ကောင်းချောင်း ရေဆက်လက်မြင့်တက်လာသဖြင့် ကားလမ်း(၅)နေရာ၌ ရေကျော်မှုများဖြစ်ပွား

ကာမိုင်း ဇွန် ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်ဘက်မှ စီးဆင်းလာသော အင်းတော်ချောင်းနှင့် တနိုင်းမြို့နယ်ဘက်မှ စီးဆင်းလာသော နန့်ကောင်းချောင်းတို့မှ ရေများလျှံတက်လာသဖြင့် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က ကာမိုင်း-မအူပင်-ဖားကန့်သွား ကားလမ်းမပေါ်နှင့် ကာမိုင်း-လဝါးသွား ကားလမ်းမပေါ်ရှိ နေရာ (၅)နေရာတွင် ရေကျော်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကားလမ်းမများ၌ ရေများကျော်တက်ရာတွင် ကာမိုင်း-မအူပင်-ဖားကန့်သွား ကားလမ်းမိုင်တိုင်အမှတ် (2.5)KMနှင့် (3.5)KM ကြားတွင် ရေအနက် (၁)ပေခန့်၊ ကားလမ်းအရှည်ပေ (၂၀၀)ခန့်တွင် တစ်နေရာ၊ ရေအနက် (၁)ပေခွဲခန့်၊ ကာလမ်းအရှည်ပေ (၁၅၀)ခန့်တွင် တစ်နေရာနှင့် ရေအနက် (၂)ပေခန့်၊ ကားလမ်းအရှည်ပေ (၁၀၀)ခန့်တွင် တစ်နေရာ၊ ကာမိုင်း-လဝါးသွား ကားလမ်းမပေါ်ရှိ မိုင်တိုင် (6)KM နှင့် (7)KM ကြားတွင် ရေအနက် (၁)ပေခန့်၊ ကာလမ်းအရှည်ပေ (၃၀၀)ခန့်တွင် တစ်နေရာနှင့် (7)KM နှင့် (8)KM ကြားတွင် ရေအနက်(၆)လက်မခန့် ကားလမ်းအရှည်ပေ(၁၀၀)ခန့်တွင် တစ်နေရာ စုစုပေါင်း နေရာ (၅)နေရာတို့၌ ရေကျော်ဖုံးလွှမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာများသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာနမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း၊ မော်တော်ယာဉ်ကြီး ယာဉ်ငယ်များ ၎င်းလမ်းတွင် ပိတ်ဆို့မှုမရှိစေရေး ကာမိုင်း-ကထန်ယန်-လွယ်ဆိုင်-မအူပင်သွားကားလမ်းဟောင်းအတိုင်း ဖြတ်သန်းမောင်းနှင် သွားလာလျက်ရှိကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)