တောင်ကုတ် ဇွန် ၁၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးရာသီမြေဆီဩဇာ ထက်သန်စေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကို နတ်မော်ကျေးရွာရှိ တောင်သူ ဦးသန်းမြင့်၏ လယ်မြေ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက ပိုက်ဆံလျှော် ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းမှုများ လျင်မြန်စွာ ဖြစ်ပေါ် လျက်ရှိပြီး သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့ နေကြရသည့်အတွက် စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေပါကြောင်း၊ အနာဂတ် လူသားတို့၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကိုရရှိရန် စိုက်ပျိုးရေးဆိုင်ရာ သဘာဝ အရင်းအမြစ်များကို ထိန်းသိမ်းရေး သည် အရေးကြီးကြောင်း ပြောကြားပြီးနောက် ပိုက်ဆံလျှော် သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီး နောက် တောင်သူများ၏ မေးမြန်းချက်များကို ဖြေကြားပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းကွင်းသရုပ်ပြပွဲကို ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်