ရွှေတိဂုံစေတီတော်တွင် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားကျင်းပ ပြုလုပ်

ဒဂုံ ဇွန် ၁၄

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက် ဧည့်ခံတန်ဆောင်း၌  ယ​မန်နေ့ နံနက် ၅ နာရီအချိန်က သာသနာတော် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာစ် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့အတွက် ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့၀င်များ၊ စေတီတော်၀န်ထမ်းများ၊ ဘာသာရေး အသင်းအဖွဲ့များတို့ အပါအ၀င်စုစုပေါင်း အင်အား (၁၂၀)ဦး ခန့်တို့မှ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပါ ဆရာတော် (၁၁) ပါး တို့ အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းတို့ တက်ရောက်ခဲ့ကြပြီး ၆:၃၀ နာရီအချိန်တွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။ ထို့​နောက် ယောဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ ရေစက်ချ အမျှဝေခြင်းများ ပြုလုပ်ခဲ့ပြီး ၇ နာရီအချိန်တွင် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုခဲ့ကြသည်။

ဆက်လက်၍ ၇:၅ နာရီအချိန်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ စေတီတော် ၀န်ထမ်းများ၊ ဘာသာရေးအသင်း အဖွဲ့များက မဟာသမယ အခါတော်နေ့ ဖြစ်ပေါ်လာခြင်းကို ဖော်ကြူးခြင်း အခမ်းအနား အဆောင်အယောင်များဖြင့် စေတီတော်မြတ်ကြီးအား လက်ယာရစ် ပူဇော်ခဲ့ကြ​ကြောင်း သတင်းရသည်။

မေသန္တာ