ရွှေတိဂုံစေတီတော်နယုန်လပြည့်နေ့ မဟာသမယနေ့ အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၄

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေခြင်းငှာ သာသနာတော်အကျိုး၊ စေတီတော်အကျိုးတို့ကို ရှေ့ရှုလျက် မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ် အခါတော်နေ့အခမ်းအနားများကို ၁၂လရာသီပတ်လုံး စဉ်ဆက်မပြတ် ကျင်းပလျက်ရှိရာ မြတ်ဗုဒ္ဓ၏အဆုံးအမတော်များမှ မဟာသမယဒေသနာတော်ကို ဟောကြားတော်မူခဲ့သည့် နယုန်လပြည့်နေ့တွင် ရှေးရှေးက ဗုဒ္ဓဘာသာ သူတော်ကောင်းကြီးများ ပြုလုပ်ခဲ့ကြသည့် နည်းထုံးများကို နှလုံးမူပြီး ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာများအတိုင်း သာသနာတော်နှစ် ၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ် နယုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၂၂ခုနှစ်  ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နယုန်လပြည့်မဟာသမယနေ့ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြတ်စွာဘုရားရှင်အဖြစ်သို့ ရောက်တော်မူပြီး ငါးဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၈ခုနှစ်၊ နယုန်လတွင် ကပိလဝတ်ပြည်နှင့် ကောလိယပြည်မှ တောင်သူလယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ ညီညွတ်မျှတမှုမရှိဘဲ တိုင်းပြည်အချင်းချင်း စစ်ခင်းစစ်ပြိုင်ကြမည့် အခြေအနေကို ရောက်ရှိလာသောကြောင့် ဗုဒ္ဓမြတ်စွာဘုရားက ငြိမ်းချမ်းရေးအခြေခံသော ဗုဒ္ဓဝင်ဖြစ်စဉ်များ ဟောကြားသော နယုန်လပြည့်နေ့ကို မဟာသမယနေ့ဟု သတ်မှတ်ခဲ့ကြောင်း၊ ထို့ကဲ့သို့သော မဟာသမယနေ့၏ အဓိပ္ပါယ် အနှစ်သာရများကို သိရှိမှတ်သား လိုက်နာကျင့်ကြံနိုင်စေရန် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ မမေ့အပ်သော နေ့ထူးနေ့မြတ်အဖြစ် မဟာသမယနေ့ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

မဟာသမယနေ့ ယနေ့နံနက် ၅နာရီတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပြီး၊ နံနက်၅နာရီခွဲတွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းသည်။

ဆက်လက်၍ နံနက် ၆နာရီခွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ မဟာသမယနေ့ဆိုင်ရာ တရားတော်များနှင့် ရေစက်ချအနုမောဒနာ တရားများ နာကြားပြီး၊ နံနက် ၇နာရီတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက ရင်ပြင်တော်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် စုပေါင်း၍ မဟာသမယတရားဒေသနာတော်အား ရွတ်ဆိုပူဇော်ပြီး၊ မေတ္တာပို့ဆုတောင်းခြင်းများ ဆောင်ရွက်ကြသည်။

ယင်းနောက် မေတ္တာပို့ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်း များကို ၃ကြိမ် ၃ခါ ထိုးကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)