တံတားဦး ဇွန် ၁၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါဘုရား အာရုံခံစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ဆွမ်းဆန်တော်အလှူရှင် ဒါယကာ၊ ဒါယိကာမများက တံတားဦး မြို့နယ် ဩဝါဒစရိယဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနာယက ဆရာတော်ဘဒ္ဒန္တကောသလ္လထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာပရိတ်တရားတော်များ ချီးမြှင့်ပေးကြသည်။ ဆက်လက်၍ မြို့နယ်ဩဝါဒစရိယ ဘေးလုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနာယကဆရာတော် ဘဒ္ဒန္တပညာသာရက အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြပြီး ဆွမ်းဆန်တော်များ လောင်းလှူကြသည်။
ဆွမ်းဆန်တော်လောင်းလှူပွဲကို (၁၃၈၂-ခုနှစ်နှင့်၁၃၈၃-ခုနှစ်တို့တွင် ကိုဗစ်-၁၉ရောဂါကြောင့် ခေတ္တရပ်နားခဲ့ပါကြောင်း၊ ယခုအခါကိုဗစ်-၁၉ရောဂါအခြေ အနေမှာလည်း လျော့နည်းလာသည့်အတွက် လူစုလူဝေးကျင်းပပြုလုပ်ခြင်းနှင့် လမ်းညွှန်ချက်များ ဖြေလျော့ပေးခဲ့သဖြင့် သမိုင်းဝင်မဟာမင်္ဂလာစေတီ ဘုရားဂေါပကအဖွဲ့မှ ကြီးမှူးပြီး ဆွမ်းဆန်တော်လောင်းလှူပွဲကို ယခုနှစ် ၁၃၈၄-ခုနှစ်၊ နယုန်လဆန်း (၁၅)ရက်နေ့တွင် အကြိမ်(၄၀)မြောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း၊ တံတားဦးမြို့နယ် အနေဖြင့် ကျောင်းပေါင်း (၂၈၅)ကျောင်းရှိပြီး၊ ဝါဆိုသံဃာစာရင်းအရ (၁၁၆၁)ပါးရှိရာ ယနေ့တွင် ဆွမ်းဆန်တော်ကို (၃၅၄)ပါး လောင်းလှူနိုင်ပြီး လာမည့်နှစ်များတွင် ဆရာတော်သံဃာတော်များ တိုးချဲ့လောင်းလှူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်စဉ် နယုန်လပြည့်နေ့၌ လောင်းလှူမည်ဖြစ်ကြောင်း တံတားဦးမြို့ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးဌေးဦး ထံမှသိရသည်။
ရဲတင့်