ဘွဲ့တံဆိပ်တော်များ ရရှိတော်မူသော တောင်စလင်းတိုက်သစ်ဘာဝနာဌာနမှ ဘဒ္ဒန္တတိက္ခမထေရ်မြတ်ကြီးနှင့် ဘဒ္ဒန္တနေမိန္ဒမထေရ်မြတ်နှစ်ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဇွန် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်ပူဇော်သော အဘိ​ဇေမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ရရှိတော်မူသော တောင်စလင်းတိုက်သစ်ဘာဝနာဋ္ဌာန မဟာနာယက၊ ဗြဟ္မစိုရ်ဆရာတော် ဘဒ္ဒန္တတိက္ခ မထေရ်မြတ်ကြီးနှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရရှိတော်မူသော တောင်စလင်းတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒမထေရ်မြတ်နှစ်ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၆၂ လမ်းရှိ တောင်စလင်းတိုက်သစ်၊  မဟာ​အောင်​​မြေ ဓမ္မဗိမာန်​တော်တွင် ကျင်းပသည်။

အခမ်းအနားတွင် ကြွရောက်တော်မူလာသော ဆရာတော်ကြီးများနှင့် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှ (၈) ပါးသီလ ခံယူဆောက်တည်၍ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ဘွဲ့တံဆိပ်တော်များနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာဩဝါဒကထာနာယူကာ ရန်ကုန်မြို့၊ ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသမှ အဘိမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဗြဟ္မစိုရ်ဆရာတော်ကြီးအား ကိုယ်တိုင်ဂုဏ်ပြုရေးသားသော ဂုဏာဘိတ္ထ၀ဂါထာများဖြင့် ကိုယ်တိုင်ရွတ်ဖတ်ပူဇော်ခဲ့​​​​ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ် ၀ဏ္ဏကျော်ထင်ဦးမောင်ကိုက ဘဒ္ဒတိက္ခ မဟာထေရ်မြတ်အား အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဘွဲ့တံဆိပ်တော်အား လည်းကောင်း၊  အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးမှ ဘဒ္ဒန္တနေမိန္ဒအား အဂ္ဂမဟာပဏ္ဍိက ဘွဲ့တံဆိပ်တော်အားလည်းကောင်း အသီးသီးထပ်ဆင့်ဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့​ပြီး ဒေါက်တာခင်မောင်မှ ကျေးဇူးတင်ဝမ်းမြောက်စကား လျောက်ထားပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်စလင်းတိုက်မှ ပြန်လည်ထွက်ခွာသွား​ကြသည်။

ယင်းနောက် အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ နမ္မတူဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယမှ အဘိဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်၏ ​​ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားပူဖော်ခြင်း၊ ဘိသိက်ဆရာ မင်္ဂလာရွှေ​ဗျိုင်းမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးအား ဂုဏ်ပြုရေးစပ်ပူဇော်သော ရတုပိုင်စုံအား မင်္ဂလာရွှေဆိုင်းတော်နှင့်တွဲဖက်၍ ရွတ်ဖတ်သီဆိုပူဇော်ခြင်း၊ ရတနာသိပ္ပံကျောင်းဆရာတော် ဦးဝိစိတ္တာလင်္ကာရမှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားပူဇော်ခြင်း၊ ဘိတ်သိက်ဆရာ မင်္ဂလာရွှေဗျိုင်းမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး အား ဂုဏ်ပြုရေးစပ်ပူဇော်သော ဂုဏ်ပြုတေးထဆရာတော်ကြီးနှစ်ပါးအား မင်္ဂလာရွှေဆိုင်းတော်နှင့် တွဲဖက်ကာ ရွတ်ဖတ်သီဆိုပူဇော်ခြင်း၊ အပူဇော်ခံ ပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တကေသဝထံမှ အနု​မောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်းနှင့် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့  နိုင်ငံ​​တော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်​​ကျောင်းဆရာ​တော် ဘဒ္ဒန္တ ဒေါက်တာကုမာရာဘိဝံသအမှူးပြုသည့် အ​​ကြည်ညိုခံဆရာတော်ကြီးများ ကြွ​ရောက်​​တော်မူ​ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ တိုင်း​ဒေသ​​​ကြီးလုံခြုံရေးနှင့် ​နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဗြဟ္မစိုရ်လူမှူကူညီရေးအသင်းဥက္ကဋ္ဌကြီး ဒေါက်တာခင်မောင်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်