ကျောက်ဆည်၊ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် CFW စီမံကိန်းအရ အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိသော ပနံကျေးရွာအုပ်စု၊ ရွာဘိုးကျေးရွာနှင့် စိုင်မလန်းကျေးရွာများရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သောကြောင့် အဆိုပါလုပ်ငန်းများ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ SAE ဒေါ်ခိုင်ဇင်အောင်နှင့်တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
CFW စီမံကိန်းဖြင့် ပနံကျေးရွာအုပ်စု၊ ရွာဘိုးကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည်(၁၁၂၅)ပေ၊အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဂျင်းကောက်မြေသားခင်းခြင်းနှင့် အရှည်ပေ(၅၂၈၀)ပေ၊ အကျယ်(၂)ပေ၊ အနက်(၂)ပေရှိ လမ်းဘေး ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများ၊ စိုင်မလန်းကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည်(၇၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဂျင်းကျောက်မြေခင်းခြင်း နှင့် အရှည်(၃၀၀၀)ပေ၊ အကျယ်((၆)ပေ၊ အနက် (၁)ပေရှိ စိုက်ပျိုးရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဖြစ်ကြောင်းလည်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် CFW စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ(၁၃)ရွာတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် အဆိုပါကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသူများ၏ လုပ်အားဖြင့် ဆောင်ရွက်ခဲ့သောကြောင့် ယခုအခါ CFW စီမံကိန်း ကျေးရွာများတွင် ယခင်ကထက်ကျေးရွာဖွံ့ဖြိုးတိုးတက်မှုများပေါ်ပေါက်ခဲ့ပြီး ကျေးရွာပြည်သူများလည်း ဝင်ငွေတိုးတက်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)