လွိုင်လင်ခရိုင်၌ မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

လွိုင်လင် ဇွန် ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာန၏ ၂၀၂၂ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီခွဲက လွိုင်လင်ဂေါက်ကလပ်၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၂၂ ခုနှစ် မိုးအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကိုရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာ ပွဲတော်ပေါင်း(၅၄)ပွဲ၊ သစ်တောသစ်ပင်ပေါင်း (၃၇၃၃၀)ပင်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ပြီး လက်ရှိမှာ(၅၀)ပွဲ၊ သစ်တောသစ်ပင်(၃၅၈၄၉)ပင် စိုက်ပျိုးခဲ့ပြီး စိုက်ရန်ကျန်(၄)ပွဲကိုလည်း ယခုဇွန်လအတွင်း အပြီးစိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီမှာ သစ်မျိုး(၅၆)မျိုး၊ ပျိုးပင်ပေါင်း(၂၉)သိန်းအား ပျိုးထောင်ထားရှိပြီး အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေး၊ ကလောမြို့အား ထင်းရှုးမြို့တော်ဖြစ်စေရေး၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး အစရှိသည့် စီမံချက်များအရ သစ်တောသစ်ပင် (၇)သိန်းအား စိုက်ပျိုးပြီးဖြစ်သကဲ့သို့ ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုသို့ သစ်တောသစ်ပင်(၄)သိန်းအား ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည့် လွိုင်လင် ဂေါက်ကလပ်အတွင်း အပင်အမြင့်(၃)ပေနှင့် အထက်ရှိသည့် ခါတော်မီ၊ ရေသင်းဝင်၊ ချယ်ရီ၊ စိန်ပန်း အနီ-အပြာနှင့်ငုချယ်ရီပင် စုစုပေါင်း(၁၃၅၀)ပင် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သစ်ပင်များ စိုက်ပျိုးရန် ပျိုးပင်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေသခံပြည်သူများကိုပေးအပ်၍လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးက တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများအား ပေးအပ်၍လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရးဦးစီးဌာနနှင့် ဒေသခံပြည်သူများကို အသီးသီးပျိုပင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ချယ်ရီပင်ကိုလည်းကောင်း၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုးက ခါတော်မီအပင်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ သစ်ပင်များ စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကဌာနဆိုင်ရာများ၊ ပြည်သူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ သစ်ပင်များစိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွိုင်လင်ခရိုင် မိုးရာသီ လူထုသစ်ပင် စိုက်ပျိုးပွဲတော်တွင် ရေသင်းဝင်(၁၅၀)ပင်၊ ခါတော်မီ(၃၀၀)ပင်၊ ချယ်ရီ(၃၀၀)ပင်၊ စိန်ပန်းနီ(၂၅၀)ပင်၊ စိန်ပန်းပြာ(၂၅၀)ပင်၊ ချယ်ရီ(၁၀၀)ပင် စိုက်ပျိုးပေးကြကြောင်းသိရှိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပင်လုံတက္ကသိုလ်ကျောင်းဝန်း၌ မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို တက်ရာက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အဖွင့်အမှာစကားပြောကြားပြီး သစ်ပင်များစိုက်ပျိုးရန် ပျိုးပင်များကို ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းသား ကျောင်းသူတို့မှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်ချုပ်လှမိုး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သစ်ပင်များ စိုက်ပျိုးပေးကြပြီး ပင်လုံတက္ကသိုလ်မှ ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူများ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပင်လုံတက္ကသိုလ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရေသင်းဝင်(၁၅၀)ပင်၊ ခါတော်မီ(၁၅ဝ)ပင်၊ ချယ်ရီ(၂၀၀)ပင်၊ စိန်ပန်းနီ(၁၀ဝ)ပင်၊ စိန်ပန်းပြာ(၁၅၀)ပင်၊ ငုချယ်ရီ(၅၀)ပင် စုစုပေါင်း (၈၀၀)ပင် စိုက်ပျိုးပေးကြကြောင်း သိရသည်။

ယင်းနောက် လွိုင်လင်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်ဖွင့်ပွဲနှင့် ရေစက်ချလှူဒါန်းပွဲတော်သို့ သွားရောက်ကာ သာသနာ့ဗိမာန်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဒေါက်တာပညာနန္န လွိုင်လင်မြို့ ရတနာစည်စာသင်တိုက်ကိုယ်စား ဘဒ္ဒန္တဝိဇယျာနန္န သာသနာဗိမာန် ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ရာတွင် မတည်အလှူရှင်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေးနှင့် ဇနီးဒေါ်ခင်နှင်းဝေတို့ ကိုယ်စားဦးမောင်ထွေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား ဆရာတော် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ အမွေးနံသာရည် ပတ်ဖျန်းပေးကြသည်။

ဆက်လက်၍ ဆရာတော်သံဃတော် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး ပြည်နယ်ဝန်ကြီးများ အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး လွိုင်လင်မြို့ သာသနဝေပုလ္လ ဓါတ်တော်ဆရာတော်ဘန္ဒန္တဒေါက်တာပညာနနွဒထံ ကိုးပါးသီလ ဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပွားများပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဓါတ်တော်ဆရာတော်ဘန္ဒန္တဒေါက်တာပညာနန္နထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားနာယူကာ အမျှပေးဝေကြပြီးအခမ်းအနားကို ဗုဒ္စသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုရုပ်သိမ်းကာ ဆရာတော် သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)