ဗဟန်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဗဟန်း ဇွန် ၁၄

ဗဟန်းမြို့နယ်၌  ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ‌ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဥက္ကဋ္ဌက ယခုအစည်းအဝေးမှာ ဌာနဆိုင်ရာများမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သဖြင့် ဌာနဆိုင်ရာများမှ၊ ဗဟန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ၎င်းတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပူးပေါင်း‌ဆောင်ရွက်ရမည့် လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။

ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်နှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန္ဒာဌေး