ကျောက်ဆည် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေရာ တွင် ပြည့်ဝစွာပေးဝေနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်ထုံးကြီးမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၉)လုံးအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၄၅)သန်းဖြင့် ပြန်လည် ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေပြွန်များပြန်လည်ပြုပြင်ရာတွင် ပေတိုင်အမှတ်အာဒီ(-၀+၇၈၈)နှင့်အာဒီ(၅+၀၉၀)အတွင်းမှ အရှည်(၂၀)ပေ၊ အကျယ် (၆)လက်မပြွန်(၈)လုံးနှင့် အရှည်ပေ(၂၀)၊ အကျယ်(၉)လက်မပြွန်(၁)လုံး၊ စုစုပေါင်း သံကူကွန်ကရစ် ရေပေးပြွန်(၉)လုံးအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေပြွန်ထိပ်နဖူးစည်းများ ကျောက်နံရံစီခြင်း၊ ရေထိန်းတံခါးများတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေပေးဝေပြွန်များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးပါက ထုံးကြီးမြောင်းမှရေပေးဝေနေသည့် သီးနှံမျိုးစုံစိုက်ပျိုးဧက (၃၄၈)ဧက အတွက်ရေများပေးဝေရာတွင် ရေပြွန်ထိပ်တံခါးများဖြင့် လွယ်ကူစွာ အဖွင့်အပိတ်ပြုလုပ်နိုင်သဖြင့် မြောင်းအဆုံးမြောင်းအဖျားအထိ ရေများပေးဝေနိုင်မည်ဖြစ်ပြီး ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)