နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် တောင်သူများအား တွေ့ဆုံခြင်းနှင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်း အခမ်းအနားတက်ရောက်

တပ်ကုန်း ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားရေး၊ ဒေသခံတောင်သူများ လုပ်ငန်းပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အောင်မြေရိပ်သာကျေးရွာအုပ်စု၊ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ(KC)ခန်းမတွင် ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသည့်ကျေးရွာအုပ်စု(၇)အုပ်စုမှ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၏ကိုယ်စားလှယ်များက စိုက်ပျိုးရေ၊ ကျေးရွာလမ်း၊လက်လုပ်ဆည်ရေမြောင်း၊ မုန်ဆည်ရေထွက်မြောင်း၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းဆောင် စသည့်ကျေးရွာလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြပြီးနောက်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား၍လည်းကောင်း၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးက တောင်သူများတင်ပြချက်များနှင့် တောင်သူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဖြည့်စွက်ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တောင်သူများတင်ပြချက်များစပ်လျဉ်း၍  လိုအပ်လျက်ရှိသည့်လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။  မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ရောက်ရှိပြီး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ရှားတောကျေးရွာအုပ်စု၊ ပေါက်ပင်သာကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တွေ့ဆုံ၍ နိုင်ငံတော်မှထောက်ပံ့တဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို  စာရင်းဇယားမှန်ကန်စွာ ရေးသွင်းရေး၊ နှစ်စဉ်အတိုးနှုန်းရရှိပြီး ကျေးရွာပြည်သူများ အကျိုးရှိစွာအသုံးပြုနိုင်ရေးနှင့် လိုအပ်သည်များ ရှင်းလင်းမှာကြားပြီးနောက် ကော်မတီဝင်များလက်ဝယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေသိန်း(၃၀၀)ကျပ်အား လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိ၍ ကျေးရွာအုပ်စု(၁၉)အုပ်စုမှ အုပ်စုအုပ်ချုပ်ရေးများ၊ တောင်သူများ၏ကိုယ်စား လှယ်များနှင့်တွေ့ဆုံပွဲဆက်လက်ကျင်းပရာ တက်ရောက်လာသည့် တောင်သူများက ကျေးရွာလမ်း၊ ကျွဲ၊ နွား ကာကွယ်ဆေး၊ မြေပုံစံ(၇)၊ လျှပ်စစ်မီး၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းဆောင်စသည့်ကျေးရွာ     လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တောင်သူများတင်ပြချက်များကို လိုအပ်လျက်ရှိသည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

တင်စိုးလွင်