ပြင်ဦးလွင် ဇွန် ၁၃
ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ရှေးဦးသူနာပြုစုခြင်းအခြေခံ(မွမ်းမံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သတင်းပြန်ကြားရေးလုပ်ငန်းများ အပြင် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများဖြင့် ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းများ၊ Book Club နှင့် Youth Club များနှင့် ပူးပေါင်းကာ သင်တန်းများ ပူးပေါင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခု သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းမှ သင်တန်းနည်းပြများဖြင့် အရေးပေါ်အသက်ကယ်နည်းများ၊ အရေးပေါ်လူနာပြုစုနည်းများနှင့် အခြေခံကြက်ခြေနီသင်တန်းများကို (မွမ်းမံ) အဆင့်ဖြစ်အောင် ထပ်မံသင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းတွင်ပို့ချချက်များကို သေချာစွာလိုက်နာ မှတ်သား၍ မိမိတို့လက်တွေ့ နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်ပါစေကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးက သင်တန်းတွင် ကြက်ခြေနီအသင်းဝင်များ မဖြစ်မနေ နားလည်ထားသင့်သည့် လူနာပြုစုစောင့်ရှောက်နည်းများ၊ အရေးပေါ် အသက်ကယ်နည်းများနှင့်လိုက်နာသင့်သည့် နည်းစနစ်များအား စာတွေ့လက်တွေ့ဖြင့် ပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ရှေးဦးလူနာပြုစုခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း (CPR)၊ ဆို့နင့်ခြင်း၊ အဆိပ်ရှိသောသတ္တဝါများ၏ ကိုက်ခြင်း၊ တုပ်ခြင်း၊ သတိလစ်ခြင်း၊ ဦးခေါင်းဒဏ်ရာ၊ ကျောရိုးတန်းအကြီးဒဏ်ရာ၊ အခြေခံပတ်တီးစည်းနည်းစသည့်ဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန် ၁၃ ရက်မှ ဇွန် ၁၄ ရက်အထိ ၂ ရက် ကြာမြင့်မည် ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား/သင်တန်းသူ ၃၀ ဦးနှင့် မြို့နယ် ကြက်ခြေနီအဖွဲ့မှ နည်းပြများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)