ရမည်းသင်းမြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း      ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ရမည်းသင်းခရိုင်)တို့ပူးပေါင်း၍  ယနေ့နံနက်(၁၀)နာရီက  ရမည်းသင်းမြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဇွန် (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရမည်းသင်းခရိုင်)၊ ဒုရဲမှူးကျော်မိုးလှိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပတ်သက်၍ အသိပညာပေးဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအန္တရာယ်ဆိုင်ရာ အသိပညာပေးအချက်အလက်များကို ဗီဒီယိုကလစ်ဖြင့် ရှင်းလင်းပြသခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရမည်းသင်းမြို့နယ်အတွင်းရှိ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် KTL ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၁၅) တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)