ကျောက်ဆည်မြို့တွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည် ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီက မန္တလေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးအောင်လွင်က မန္တလေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွင် သင်ကြားပေးသွားမည့် သက်မွေးပညာ ဘာသာရပ်များအကြောင်းနှင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်တန်းကျောင်းတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စာရင်းရေ၊း စာရင်းကိုင် သက်မွေးပညာများကို ထူးချွန်သူများဖြစ်အောင် သင်ယူသွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကျောင်းသို့  တက်ရောက်ပညာသင်ယူသွားမည့် ကျောင်းသား/ကျောင်းသူ(၇)ဦးအား တစ်ဦးလျင် ထောက်ပံ့ငွေ နှစ်သောင်းကျပ်နှင့် ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မန္တလေး)သည် ၂၀၂၂ ခုနှစ်၊ ဇွန်(၁၆)ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် သင်တန်းကျောင်းသို့ တက်ရောက်သူများသည် အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကျောင်းတွင် (၂)နှစ်ပညာသင်ယူ၍ ထူးချွန်ပါက သမဝါယမကောလိပ်များမှတဆင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးသင်ကြားနိုင်ကြောင်း၊ သင်တန်းကာလတွင် သင်တန်းသားတစ်ဦချင်းစီအတွက် စားသောက်စရိတ်များ၊ ဝတ်စုံစရိတ်များ၊ ဖျာနှင့်ခြင်ထောင်များ၊ ပုံနှိပ်စာအုပ်နှင့်စာရေးကိရီယာများကို အခမဲ့ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရကာ နယ်ဝေးမှ လာရောက်သူများအား နေထိုင်ရေးအဆင်ပြေစေရန်အတွက် အဆောင်များ စီစဉ်ပေးထားကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)