လွိုင်လင်မြို့ သာသနာ့ဗိမာန်(ဓမ္မာရုံ)ဖွင့်ပွဲနှင့် ရေစက်ချမင်္ဂလာကျင်းပ

လွိုင်လင် ဇွန် ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၏ ကျက်သရေဆောင် သာသနာ့ဗိမာန်(ဓမ္မာရုံ)ဖွင့်ပွဲနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဇွန်လ ၁၃ ရက်၊ နံနက်(၁၀)နာရီက အဆိုပါဓမ္မာရုံတွင်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်  ပြည်နယ်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် အဆောက်အဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ   လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒ၊ ရတနာစည်ဆရာတော်ကိုယ်စား ရတနာစည်စာသင်တိုက်မှ ဘဒ္ဒန္တဝိဇယာနန္ဒ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ဓမ္မာရုံတည်ဆောက်ရေးအတွက် မတည်အလှူရှင်ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး(ငြိမ်း)နှင့်ဇနီး ဒေါ်ခင်နှင်းဝေတို့၏ကိုယ်စား ဦးမောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် ကဗ္ဗည်းမော်ကွန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပထမပိုင်းအစီအစဉ်ကို အောင်မြင် ပြီးမြောက်ပါသည်။

ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ အခမ်းအနားကို ဆရာတော်များနှင့် ဧည့်ပရိတ်သတ်များမှ နမောတဿသုံးကြိမ်ရွတ်၍ ဖွင့်လှစ်ကြသည်။ ထိုနောက် ဧည့်ပရိတ်သတ်များမှ ဩကာသကန်တော့ချိုးဖြင့် ကန်တော့ပြီး လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်မျာက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေးပါသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ဆရာတော်သံဃာတော်များအား လှူဖွယ်တ္ထုပစ္စည်းများ ဆက်ကပ်ကြသည်။  ထို့နောက် လွိုင်လင်မြို့ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒက အနုမောဒနာတရားဟောကြားခြင်းနှင့် ရေစက်ချတရားချီးမြှင့်ပေးပါသည်။ ထို့နောက်  ဧည့်ပရိတ်သတ်များက ရတနာမြတ်သုံးပါးကို ထပ်မံကန်တော့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုတ်သိမ်းလိုက်ကြောင်းသိရသည်။           

လွိုင်လင်မိုး (ပြန်/ဆက်)