ပုသိမ်ကြီး ဇွန် ၁၃
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နေ့လယ်ပိုင်းက မြို့ပေါ်ရှိ ရပ်ကွက်ကြီးများအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုများမှာ ရောဂါပိုးရှိသည့် တိရိစ္ဆာန်များနှင့် မကျက်တကျက်ချက်ပြုတ်ထားသည့် အသားနှင့် အခြားသောရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့်ထုတ်ကုန်များ စားသုံးမိခြင်း၊ ရောဂါပိုး ရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ မိမိတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ အကြံဉာဏ် များရယူရန်၊ ဖြစ်နိုင်လျှင် မိမိအိမ်တွင် သီးခြားခွဲနေထိုင်ရန်၊ အခြားသူများနှင့်နီးကပ်စွာ ထိတွေ့မှု ကို ရှောင်ကြဉ်ခြင်းဖြင့် အခြားသူများအား မကူးစက်အောင်ကာကွယ်ရန်၊ အနီးကပ်ထိတွေ့မှု ပြုလုပ်ရမည်ဆိုပါက နှာခေါင်းစည်းကို ဝတ်ဆင်အသုံးပြုရေး စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးလိုက်လံနှိုးဆော်ခဲ့သည်။
ထိုကဲ့သို့ ပြည်သူများထံ အသိပညာပေးလုပ်ငန်းများကို ပုသိမ်ကြိးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ်ပုံမှန်ကွင်းဆင်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မာအေး (ပုသိမ်ကြီး)