လွိုင်လင် ဇွန် ၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးတို့သည် ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ ဂေါက်ကွင်းတွင် ၂၀၂၂ ခုနှစ် ၊ မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး သစ်ပင်စိုက်ပျိုးပေးပါသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လူထုသစ်ပင်စိုက်ပျိုးမည့် လွိုင်လင်ဂေါက်ကွင်းသို့ ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က လူထုသစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက စိုက်ပျိုးမည့် ပျိုးပင်များကိုတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအားပေးအပ်ပြီးနောက် သစ်ပင်များကို ဦးဆောင်စိုက်ပျိုးပေးပြီး လူထုစိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု့ကာ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဌာနဆိုင်ရာများ၊ တက္ကသိုလ် ဆရာ/ဆရာမများကျောင်းသား/ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသားသူများ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းလူအင်အား(၁၅၀၀)ဦးတို့က ရေသင်းဝင် ၁၅၀ ပင်၊ ခါတော်မီ ၃၀၀ ပင်၊ ချယ်ရီ ၃၀၀ ပင်၊ စိန်ပန်းနီ ၂၅၀ ပင်၊ စိန်ပန်းပြာ ၂၅၀ နှင့် ငုချယ်ရီ ၁၀၀ ပင် စုစုပေါင်းသစ်ပင် (၁၃၅၀)ပင်တို့ကို အိုးစည်၊ ဗုံမောင်းတီးခတ်ကာ တစ်ပျော်တစ်ပါး စိုက်ပျိုးကြကြောင်းနှင့်အလားတူ ပင်လုံတက္ကသိုလ်တွင်ယနေ့နံနက်ပိုင်းက သစ်ပင်ပေါင်း ၈၀၀ ပင်ကို စိုက်ပျိုးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက် )