သီပေါ စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက် သွားလာသူတိုင်း နှာခေါင်းစည်းတပ်၍ သွားလာရေး ဒုတိယအကြိမ် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက မြို့တွင်းရှိ နေရာအနှံအပြားတွင် ပြုလုပ်ခဲ့သည်။
Mask Campaign ကို သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအဖွဲ့ခေါင်းဆောင် ကိုမျိုး ဦးဆောင်သော ကိုဗစ်-၁၉ ပရဟိတကွန်ရက်နှင့် အမှတ်(၁၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သီပေါမြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေး၊ လားရှိုး−မန္တလေး မိန်းလမ်းမီးပွိုင့်လမ်းဆုံ၊ မိုင်းပွန် လမ်းနှင့် လမ်းမတော်လမ်းထောင့် မီးပွိုင့်လမ်းဆုံတို့တွင် သွားလာလှုပ်ရှားနေကြသော ပြည်သူများ၊ ခရီး သွားများ၊ စျေးသူ/စျေးသားများနှင့် လမ်းဘေးဝဲယာ တစ်လျှောက်ရှိ စားသောက်ဆိုင်၊ ကုန်ပစ္စည်းအရောင်းဆိုင်များ မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ စသည့်တွင် နှာခေါင်းစည်း (Mask)အခု (၅၀၀၀) အား ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နယ်စည်းမခြားပရဟိတ(သီပေါ) အဖွဲ့ခေါင်းဆောင် ကိုမျိုးက သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုအန္တရာယ်ကို သတိပြုမိစေရန်နှင့် အဆိုပါရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူတိုင်းနှာခေါင်းစည်းတပ်ကြရန် ဒုတိယအကြိမ် Mask Campaign ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)