ဒဂုံအရှေ့ ဇွန် ၁၃
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့်ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၆)ရပ်ကွက်ရှိ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း(၁၆၀)ဦးနှင့် စစ်ပင်ရပ်ကွက်အမှတ်(၁၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာရင်းရှိ(၃၀၀)ဦး စုစုပေါင်း(၄၆၀)ဦးတို့အား စုရပ်(၂)ခုသက်မှတ်၍(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာပုံစံတွင် ဖြည့်သွင်းခိုင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအတိုင်း ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းလိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အသက်(၅)နှစ်မှ အသက်(၁၂)နစ်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၁၇ ရက်နေ့အထိ လျာထားသက်မှတ်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိပါသည်။
ဝင်းအိမွန် (ပြန်/ဆက်)