တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ် ကျင်းပ

တံတား ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်‌ ကျောင်းသားလူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth  Club)အဖွဲ့ဝင် ကျောင်းသား လူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာရေးဟူသည်မှာ စာသင်ကျောင်းတွင် သင်ကြားခဲ့ရသော ပညာကိုအခြေပြု၍ နောင်ကြီးပြင်းလာသောအခါ ရရှိခဲ့သော အသိပညာများလည်း ပါဝင်ကြောင်း၊ မြန်မာလူမျိုးတို့သည် ပညာကိုလွန်စွာ တန်ဖိုးထားတတ်သောကြောင့် “ပညာရွှေအိုးလူမခိုး” ဟု တင်စားပြောဆိုခဲ့ကြကြောင်း၊ လူငယ်တို့သည် မျှော်မှန်းချက်၊ ရည်မှန်းချက်ကြီးကြီးထား၍ ပညာရေးထမြောက်မှုရအောင် ကြိုးပမ်းသင့်ကြောင်း၊ လူငယ်များအနေဖြင့် ဗဟုသုတဖြစ်ဖွယ်ရာ စာပေအမျိုးမျိုးကို ရှာဖွေဖတ်ရှု့သင့်ကြောင်း၊ ထို့ပြင် ဘာသာစကားအမျိုးမျိုးနှင့် ကွန်ပျူတာနည်းပညာများကိုလည်း ဆည်းပူးလေ့လာသင်ယူခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပြီးနောက်( Youth Club ) အဖွဲ့ဝင် မောင်ခန့်ဇင်နိုင်မှ “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မရွှေရတီဖူးမှ “လူငယ်နှင့်ကြီးပွားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင် ကျောင်းသားလူငယ်များမှလည်း အပြန်အလှန် ဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင် (တံတား)