မန္တလေး၊ စက်တင်ဘာ ၇
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဖြစ်ပွားပြန့်နှံကူးစက်မှုမရှိစေရေးအတွက် လူစည်ကားသည့်နေရာများတွင် Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီခန့်က ၄၁ လမ်း ကမ်းနားလမ်းနံနက်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မဟာအောင်မြေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ လူမှုရေးကယ်ဆယ်ရေးအဖွဲ့ဝင်တို့က စျေးသည်စျေးဝယ်များနှင့် လမ်းသွားလမ်းလာပြည်သူများအား Mask အခုရေ ၂၀၀၀ အခမဲ့ပေးဝေခြင်းနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဖြစ်ပွားပြန့်နှံ့ကူးစက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက စီမံဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် အပြင်သို့ထွက်ပါက Mask ကို မဖြစ်မနေတပ်ဆင်သွားကြရန်နှင့် တပ်ဆင်သွားလာခြင်းမရှိသူများကိုလည်း မြို့နယ်အလိုက် ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြို့နယ်အလိုက် တာဝန်ရှိသူများက Mask များ အခမဲ့ပေးဝေလျှက်ရှိသကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များမှလည်း အခမဲ့ပေးဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်