မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မြင်းခြံ  ဇွန်   ၁၃

မန္တလေးတိုင်းတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ယနေ့နံနက် ၉ နာရီက မြင်းခြံမြို့ အလင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံ နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  အခြေခံပညာကျောင်း ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် အလင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံ ပေးခဲ့ကြသည်။

အဆိုပါ ဆေးထိုးစုရပ်တွင် အလင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၆) တရုတ်ဘုံ အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၈) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား/ သူများအား ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရန်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းဆေးထိုးစုရပ်ရှိ ဆရာ/ဆရာမများမှ စောင့်ကြည့်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျောင်းသား/သူ ဦးရေ (၂၂၀၀) ကျော် ထိုးနှံပြီးစီးကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)