တာမွေ ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးများ၏ အခန်းကဟာ များစွာအရေးကြီးသည့်အတွက် ယခုလို တိုင်းဒေသကြီးအတွင်းမှာရှိသည့် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်(၁၂၀)မှ ပထမဆုံးအနေနှင့် သင်တန်းသား(၅၀)ဦးကို ရွေးချယ်ပြီး အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ စာကြည့်တိုက်တစ်ခုဖြစ်ဖို့ဆိုတာ စံ(၅)ရပ်နှင့်ညီဖို့များစွာလိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသည့် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း” စသည်ဖြင့် အခြေခံစာကြည့်တိုက် ပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စာကြည့်တိုက်(၃၀)တိုက်သို့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)၊ က-ကုတ်စာအုပ်(၃၀)အုပ်အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် အခြေခံစာကြည့်တိုက်ပညာသင်တန်းအတွက် အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များအတွက် စာကြည့်တိုက်လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများအား ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့မှ ဇွန်လ(၁၅)ရက်နေ့အထိ အခြေခံစာကြည့်တိုက်ပညာရပ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (တာမွေ)