ရွာငံ ဇွန် ၁၃
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများဈေးကောင်းရ၍ တွက်ချေကိုက်အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံကာတပိုင်တနိုင်မှသည် စီးပွားဖြစ်သီးနှံအမယ်မျိုးစုံ စိုက်ပျိုးကြရာယခုနှစ်တွင် ခရမ်းချဉ်သီးဈေးကွက်ကောင်းသောကြောင့် တောင်သူများ ဝင်ငွေတိုးလျက်ရှိကြသည်။ ခရမ်းချဉ်သီးနှံကို ရွာငံမြို့နယ်တွင်နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး အသုတ်လိုက်ခွဲ၍ စိုက်ပျိုးကြရာ ယခုမိုးသီးနှံသည် ယခင်နှစ်များထက် ဈေးကွက်ကောင်းလျက်ရှိသည်။
ခရမ်းချဉ်မျိုးများကို ဒေသနှင့်ကိုက်ညီသော ဩဘာကုမ္ပဏီမှထုတ်လုပ်သည့် ၉၀၉ မျိုးများကို အဓိကစိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းတွင် စျေးကွက်ဝင်ပံတစ်သုံးလုံး၊ ပံတစ်ရာနှင့် ၀၀၇ မျိုးများကို တိုးချဲ့စိုက်ပျိုးလာကြသည်။ ပျိုးတစ်ထုတ်လျှင် ၁၁၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဝန်းကျင်ပေးဝယ်ရပြီး တစ်ဧကတွင်ပျိုးထုတ် ၆ ထုတ်ခန့်ပျိုးထောင်ရသည်။ ပျိုးသက်(၁)လသားအရွယ်တွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးပြီး(၂)လခွဲသား အချိန်တွင် ခရမ်းချဉ်သီးများကို စတင်ခူးဆွတ်နိုင်သည်။ ခရမ်းချဉ်သီးများကို တစ်ပတ်ခြားတစ်ကြိမ် ဆွတ်ခူးရာ တစ်ရာသီလျှင်(၇)ကြိမ်ခန့်အထိခူးနိုင်သည်။ စိုက်ပျိုးပုံစံပေါ်မူတည်၍ တစ်ဧကလျှင် အပင်ပေါင်း (၅၀၀၀)မှ(၇၀၀၀)အထိစိုက်ပျိုးကြသည်။ တစ်ပင်လျှင်ပျိုထောင်သည့်ရက်မှစ၍ အသီးဆွတ်ခူးပြီးသည်အထိ ကုန်ကျစရိတ်(၅၀၀)ကျပ်ခန့်ရှိပြီး အထွက်နှုန်းမှာအပင် ပြုစုမှုအလိုက် သုံးပိဿာခန့်ထွက်ရှိသည်။ ရွာငံမှထွက်ရှိသောခရမ်းချဉ်သီးများကို မန္တလေး၊ ကျောက်မဲ၊ မြင်းခြံ၊ မိတ္ထီလာ၊ နေပြည်တော်၊ ရန်ကုန်၊ မုံရွာ၊ အောင်ပန်းစသော ပြည်တွင်းဈေးကွက်များသို့ ပွဲစားများမှတဆင့် တင်ပို့ရောင်းချရာ ယခုနှစ်ဈေးကွက်တွင် ခရမ်းချဉ်(၁၈)ပိဿာပါဝင်သည့် တစ်တာလျှင်(၂၄၀၀၀၀)ကျပ်မှ (၂၈၀၀၀)ကျပ်အထိရရှိသောကြောင့် ခရမ်းချဉ်စိုက်တောင်သူများဝင်ငွေတိုး၍ တွက်ချေကိုက် အဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)