လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ(၁၂)နာရီက စာပေချစ်မြတ်နိုးသူ (Book Club )အဖွဲ့ဝင်များနှင့် စာရေးဆရာလယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက်စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဝေလွင်လွင်ကျော်က စာဖတ်ဝိုင်းဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင် ဆရာမဒေါ်ရင်ရင်ရွှေ(အိမ့်ခေတ်မှူး)က “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” ဥယျာဉ်မှူးသည် ပန်းကိုရချင်သည့်အတွက် ပန်းပင်ကိုပြုစုပျိုး ထောင်ရသည်၊ မြေဆီမြေကောင်းကျွေးရသည်၊ အညွှန့်တလူလူအဖူးတစို့စို့အချိန်အထိ သတိထား၍စောင့်ရှောက်ရသည်၊ သို့မှသာပန်းပွင့်လှလှရသည်၊ ဥယျာဉ်မှူးကောင်းမှပန်းပွင့်ကောင်းရမည်ဖြစ်ကြောင်းစသဖြင့် မိဘနှင့်သားသမီးများအပြန်အလှန် လေးစားမှုများကိုဆွေးနွေးပြီး တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဝေလွင်ကျော် (ပြန်/ဆက်)