ကျိုက္ခမီမြို့ ရေလယ်ကျောင်းတိုက်၌ (၁၇)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

သံဖြူဇရပ် ဇွန် ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံ ဆန်ကုန် သည်များအသင်းမှ စုပေါင်းပြီး (၁၇)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ပုရဝုဏ် အတွင်းရှိ ရေလယ် ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရေလယ် ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဦးသုမနထံမှ သံဃာတော်အရှင်သူ​ မြတ်နှင့် အလှူရှင် ဧည့်ပရိတ်သတ်တို့က သီလ ဆောက်တည်ခံယူကြပြီး လှူဒါန်းမှူအစုစုကို​ ရေစက်သွန်းချ​ အမျှပေးဝေသည်။

ဆက်လက်၍ အလှူရှင်များမှ ဆရာတော်သံဃာတော်များထံ ဆွမ်းဆန်စိမ်းများကို ဆက်ကပ် လှူဒါန်းသည်။ ရန်ကုန်မြို့ ဘုရင်နောင်ပွဲရုံ ဆန်ကုန်သည်များအသင်းမှ လှူဒါန်းသည့်ဆွမ်းဆန် စိမ်းများသည် ရေလယ်ဆံတော်ရှင်ဘုရားကြီး ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၄၂) ကျောင်းနှင့် သီလရှင်ကျောင်း (၆)ကျောင်းစု စုပေါင်း(၄၈) ကျောင်းကို တစ်ကျောင်းလျှင် ဆန်(၂၄)ပြည်အိတ် (၁)အိတ်၊ (၆)ပြည်အိတ် (၁)အိတ်၊ ဆီ(၃)ပိသာပုံး (၁)ပုံးနှင့် ဆပ်ပြာမှုန့် ၁ ထုပ်နှူန်း​ဖြင့် လှူဒါန်းပေးခဲ့သည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင် နှင့် အဖွဲ့ဝင်များ၊ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်းများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အေးအေးသီ (ပြန်/ဆက်)