စစ်တွေ ဇွန် ၁၃
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြားကျန်းမာရေး ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ FDA ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ကုသရေးဦးစီးဌာနမှူး၊ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် စစ်တွေဆေးရုံကြီး လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ရခိုင်ပြည်နယ် အတွင်းရှိ ကျန်မာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း ကြိုးစားဆောင်ရွက်ချက်များအား ဝန်ကြီးဌာနအနေဖြင့် ဝမ်းသာအားရ ကျေနပ်မိပါကြောင်း၊ ကိုဗစ်အလွန်ကာလများတွင် စေတနာထားဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ပြုကျေးဇူးတင်ကြောင်းနှင့် ယခုလာရောက်ခြင်းသည်လည်း ရခိုင်ပြည်၏ ကျန်းမာရေးလိုအပ်ချက်များအား လာရောက်ဖြည့်စီးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လိုအပ်ချက်များကိုဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဆေးရုံကြီးအတွင်း ဖျားနာဆေးကုသဆောင်နှင့် ပြင်ပလူနာဌာနတို့ကိုလှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)