ဟိုပန်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

ဟိုပန် ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက မန်ကောင်းနှင့် ပန်လုံလမ်းရပ်ကွက်များရှိ အခြေခံပညာမူလတန်းကျောင်းစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ၌ ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဆေးထိုးကြမည့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဟိုပန်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန်  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၃၈၀၀)ဦး လျာထားပြီး ဇွန်လ (၇)ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေးအလုံးရေ (၄၃၇)လုံးဖြင့် ကျောင်းသား၊ ကျောင်းသူ(၂၁၈၅)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)