ကျိန္တလီမြို့၌ မိုးရာသီ ဒီရေတော သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ကျိန္တလီ ဇွန် ၁၃

ကျိန္တလီမြို့၌  မိုးရာသီ ဒီရေတော သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ဇွန်လ(၁၁)ရက်နေ့၊ ညနေ (၃)နာရီအချိန်တွင် ကျိန္တလီမြို့ ICM (ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်မှု) နယ်နမိတ်အတွင်း ဒီရေတောတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဂွမြို့နယ်၊ သစ်တောဦးစီးဌာန၊ ကျိန္တလီတောအုပ်တာဝန်ခံ ဦးသိန်းနိုင်က ဒီရေတောတွင် စိုက်ပျိုးရန် ပျိုးပင်ပေါက်များအား ပေးအပ်ရာ ကျိန္တလီနယ်မြေရဲစခန်းမှ တာဝန်ခံ ရဲအုပ်ဗိုလ်ကြီး ကျော်သူအောင်၊ ကျိန္တလီနယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးခင်မောင်ချိုနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးတို့မှ အသီးသီးလက်ခံခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဂွမြို့နယ်၊ သစ်တောဦးစီးဌာန၊ ကျိန္တလီတောအုပ်တာဝန်ခံ ဦးသိန်းနိုင် ၊ ကျိန္တလီနယ်မြေရဲစခန်း တာဝန်ခံရဲအုပ် ဗိုလ်ကြီး ကျော်သူအောင်၊ ကျိန္တလီနယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးခင်မောင်ချို၊ ကျိန္တလီမြို့စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးတင်မောင်မြင့် ၊ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ စုစုပေါင်း(၄၀)ဦးဖြင့် ပင်လယ်အုန်း (၂၀၀)ပင်၊ လမု(၃၀၀)ပင်အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျိန္တလီ (ပြန်/ဆက်)