ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် မြို့နယ်သန့်ရှင်း သာယာလှပ စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ခရိုင်ရေစီးရေလာဌာနမှ AE ဦးသန်းထွန်းနှင့်အဖွဲ့ ကူညီဆောင်ရွက်ပေးနေသော မင်းကြီးလမ်းနှင့် မဂ္ဂင် ကျောင်းလမ်းထောင့်ရှိ ကျန်းမာရေးလေ့ကျင့်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေနှင့် ဆောင်ရွက်ဆဲ အခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက်၊ နိဗ္ဗာန်လမ်းမကြီးတစ်လျှောက် မတည်အလှူရှင်များ၊ လုပ်အားအလှူရှင်များ၏ ကိုယ်ထူကိုယ်ထ စုပေါင်းဆောင်ရွက်လျက်ရှိသော အုတ်ရေမြောင်း ပြုလုပ်နေသည့်လုပ်ငန်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)