မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မောက်မယ် ဇွန် ၁၃

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းသား/ကျောင်းသူလူငယ်များသိရှိပြီး ရှောင်ရှားနိုင်စေရန်၊  မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျင်ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသောအမှုအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြုလုပ်ပေးသင့်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဟောပြောခဲ့သည်။ ဆက်လက်ပြီးဟောပြောပွဲသို့တက် ရောက်လာကြသော ကျောင်းသား/ကျောင်းသူလူငယ်များက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းပြီး မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)