မဘိမ်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၈၂၂ ဦး ရှိပြီဖြစ်

မဘိမ်း ဇွန် ၁၃ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကုန်းမခံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန်အနေအထားရှိမှသာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်နှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး ကုန်းမခံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။ ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၆ ရက်နေ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ မဘိမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့အထိ ၈၂၂ ဦးထိ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  

မျိုးမင်း (ပြန်/ဆက်)