ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန် စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်းနှင့်မြောင်းဖုံး ပြုလုပ်နေသည့် လုပ်ငန်းခွင်များသို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ခရိုင်ရေစီးရေလာစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းထွန်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တောင်သူကုန်းရပ်ကွက်၊ စောလေးကျင်ကုန်းလမ်း (အဏ္ဏဝါ(၁)လမ်းနှင့် သာယာအေး(၂) လမ်းကြား)တွင် (၂x၁၈၀x၄x၄) ပေ အတိုင်းအတာရှိ အုတ်ရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မင်းကြီးလမ်းပေါ်တွင် ကျန်းမာရေးလေ့ကျင့်ပစ္စည်း (Outdoor Fitness)များ တပ်ဆင်နေသော နေရာသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ဖော့ကန်ရပ်ကွက်၊ အောင်ဇေယျာလမ်းအတွင်း (၄၅၀x၅x၅)ပေ အရှည်နှင့် အကျယ်ရှိ အုတ်ရေမြောင်းဆောင်ရွက်နေသော ခရိုင်ရေစီးရေလာ စီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံ အဖွဲ့မှ EE ဦးသန်းအောင် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)